Monday, October 19, 2015

နောက်​ကြတာခွင့်​လွှတ်​​နော်

ဒီတစ်ခါတင်မှာက ကျွန်တော် တက္ကသိုလ် ဒုတိယနှစ်မှာ ကြုံခဲ့ရတာလေးပေါ့

ကျွန်တော် ဒုတိယနှစ်ကိုရောက်တော့ ငယ်သူငယ်ချင်းက နည်းသွားတယ် ဝါသနာပါရာ အမှတ်မှီရာ တက်ကြရင်းကပေါ့ အဲဒီမှာ သူငယ်ချင်း အုပ်စုထဲကို တစ်ခြားနယ်က သူငယ်ချင်းတွေပါ ပါလာတယ် အားလုံး ဆယ်ယောက်ရှိတယ် ဆယ်ယောက်မှာ ရှစ်ယောက်က ရေကူးတတ်ပြီး နှစ်ယောက်က လုံးဝမကူးတတ်ဘူး

ကျွန်တော်နဲ့ ပေါင်းတဲ့သူအများစုက ကျွန်တော့်လို ခပ်ပေပေတွေလေ အတန်းလည်း တက်ချင်မှတက်တာ တစ်ယောက်က ဘာလုပ်မယ်ဆိုတာနဲ့ အကုန်ပါပြီးသားပဲ

အဲဒီနေ့က အားလုံး ကန်ထဲမှာ ရေပြိုင်ကူးကြမယ် နောက်ဆုံး သုံးယောက်က ညကျရင် ကျွေးကြေးဆိုပြီး ပြောတော့ အားလုံးက အိုကေပေါ့

ပြိုင်မယ့်ကန်က ပုသိမ်က နာမည်ကြီး ယခုအခေါ် ကန်သာယာ အရင်တုန်းက ကန်သုံးဆင့်လို့ ခေါ်တဲ့ ရေကန်ကျယ်ကြီးပါ အဲဒီကန်ကြီးမှာက တစ်နှစ်ကို တစ်ယောက် ပုံမှန်သေတယ် ကျွန်တော်တို့ ပြိုင်မယ့် နေရာကတော့ ကမ်းစပ်နဲ့ မဝေးပါဘူး ကျဉ်းတဲ့နေရာမှာ ဟိုဘက် ဒီဘက် ပြိုင်ကူးမယ် နောက်ဆုံး သုံးယောက်ပေါ့ ဒါပေမယ့် ပြိုင်မှာက ၇ ယောက်ပဲ ပြိုင်မှာ တစ်ယောက်က ဒိုင်လုပ်ပေးရမယ် ကျွန်တော်တို့ ပြိုင်မယ့်နေရာမှာ အလယ်လောက်က ထူးထူးခြားခြား သဲခုံလေး ရှိတယ် မတ်တပ်ရပ်လို့ ရတယ် လည်ပင်းတောင် မမြုပ်ဘူး

အဲဒီနေ့က ပြိုင်ကြတော့ ဒိုင်လုပ်တဲ့သူငယ်ချင်းက သာပေါင်းသား ရေကူးကျွမ်းတယ် သူက ဒိုင်လုပ်တာ ကျွန်တော်တို့တွေ ပြိုင်ပြီးလို့ ကုန်းပေါ်လည်း တက်ကော သာပေါင်းသား ပျောက်နေတယ် အဲဒါနဲ့ စိုးရိမ်ပြီး ရှာကြတယ် ဘယ်လိုမှ မတွေ့ဘူး နောက်ဆုံး ဘယ်မှာ သွားတွေ့သလဲဆိုတော့ ကမ်းစပ်မှာ မှောက်ခုံကြီး ပေါ်နေတယ် မသေသေးဘူး သတိမေ့နေတာ အဲဒါနဲ့ ရေထုတ်ဘာညာ လုပ်ပြီး သိပ်မကြာဘူး အဲဒီကောင် သတိရလာတယ် ရရချင်း ဘာမေးသလဲဆိုတော့ ငါ့ကို ရေအောက်ကနေ အပေါ်ကို ဆွဲတင်ပေးတဲ့ ကောင်မလေးကောတဲ့

ကျွန်တော်က ဟကောင် သာပေါင်းသား မင်းကို ဆယ်လာတာ မင်းပထွေး ငါတို့တွေ ဘယ်မိထွေးမှ မဟုတ်ဘူး ပြောတော့ မဟုတ်ဘူးတဲ့ ကျွန်တော်က မင်းဘယ်လိုလုပ်ပြီး အဲဒီနေရာဘက် ရောက်သွားတာတုန်းဟ မေးတော့ မင်းတို့တွေ ပြိုင်ပြီးလို့ ငါလည်း မင်းတို့နောက်လိုက်မယ်အလုပ်မှာ ငါ့ကို ဆွဲထားတာ ဘယ်သူက ဆွဲထားမှန်း မသိဘူး ငါက မင်းသန့်မှတ်လို့ဆိုပြီး ကျွန်တော့်ကို ကြည့်တယ် ကျွန်တော်က ဟကောင်ရာ ကိုယ့်ဘာသာ မောရတဲ့အထဲ မင်းကိုငါက လာဆွဲပါ့မလားဟ မေးတော့ အေး ငါလည်း ထင်တော့ ထင်တယ် အဲဒါကြောင့် ကမ်းစပ်ကြည့်တော့ မင်းကိုတွေ့တာနဲ့ မဟုတ်တော့ဘူး ဆိုပြီး မင်းတို့ကို ငါအော်ခေါ်တာ မင်းတို့တစ်ယောက်မှ မကြားဘူး အဲဒီမှာ ငါမြုပ်သွားပြီး တစ်ယောက်ယောက်က ဆွဲခေါ်သလိုကို ပါနေတာ ငါဝရုန်းသုန်းကား ဖြစ်နေတုန်း ကောင်မလေးတစ်ယောက် ရောက်လာပြီး ငါ့လက်ကိုဆွဲပြီး ရေပေါ်ကူးတာပဲဟ ပြီးတော့ ငါဘာမှမသိတော့ဘူး ပြောတယ်

ကျွန်တော့်စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားတယ် ဟုတ်တော့ မဟုတ်သေးပါဘူး မနှစ်က သေသွားတာက ယောက်ျားလေး အခုက မိန်းကလေးဆိုတော့

နောက်တော့ မေ့မေ့ပျောက်ပျောက်ပေါ့ ကျွန်တော်တို့သာ မေ့တာ သူက မမေ့ဘူး

တစ်ရက်ကျတော့ သူ့အခန်းဖော်တစ်ယောက်က ကျွန်တော်တို့ကို လာပြောတယ် မင်းကောင် ရူးနေလားမသိဘူးတဲ့ ဘာဖြစ်လို့တုန်းဟ မေးတော့ ညတွေဆိုရင် နှင်းရယ် ကိုယ်မင်းကို သတိရနေတာ ဘာညာနဲ့ ပြောပြောနေတယ် မနေ့ညက အိပ်နေရာက ငုတ်တုတ်ကြီး ထထိုင်ပြီး တစ်ယောက်ယောက် လက်ကိုကိုင်သလို ကိုင်ထားပြီးတော့ ကိုယ်နှင်းကို ပြောချင်ပေမယ့် မပြောရဲတဲ့ စကားရှိနေတယ် ဘာဖြစ်လို့လည်းဆိုတော့ နှင်းက ကိုယ့်အသက်သခင် ကျေးဇူးရှင်လေ ဘာညာနဲ့ ပြောနေတယ်ဟ ဆိုပြီး လာပြောတယ် ကျွန်တော်တို့ အကုန် မျက်လုံးပြူးသွားတယ် ပြီးတော့ ဒီရက်ပိုင်းမှာ ဒီကောင့်ကို ကျွန်တော်တို့ ခေါ်လို့မရဘူး သွားခေါ်ရင် ဘယ်တော့မှ မငြင်းတဲ့ကောင်က အမြဲငြင်းလွှတ်နေတာ စိတ်ထဲ မသင်္ကာတာနဲ့ ဟိုနေ့က ရေကူးပြိုင်ခဲ့တဲ့ နေရာကို ထွက်လာတော့ အဲဒီကောင် သာပေါင်းသား သူပေါ်ခဲ့တဲ့ နေရာနားက သစ်ပင်အောက်မှာ ထိုင်ပြီး စကားတွေ ပြောနေတာ လက်တစ်ဘက်က တစ်ယောက်ယောက်ကို လက်ကို ကိုင်ထားသလိုမျိုး ပုံစံနဲ့ အဲဒါနဲ့ သူ့အခန်းဖော်က ဘယ်လိုလဲ မေးတော့ ကျွန်တော်က ဘယ်သူမှ မပြောနဲ့ဦး ငါတို့ ကြည့်ဦးမယ် ဆိုပြီး ပိတ်လိုက်တယ်

ကျွန်တော်လည်း ဒီကောင့်ကို လိုက်လိုက်ချောင်းတယ် အများအားဖြင့် ကျွန်တော်နဲ့ နှစ်ယောက်လောက်တော့ပါတယ် ဒီကောင့်ကို ကြည့်တော့ အမြဲတမ်း ငေးနေတတ်လာတယ် ကျွန်တော်တို့က သွေးတိုးစမ်းပြီး သွားခေါ်ရင် ငြင်းတယ် အတင်းဆွဲခေါ်ရင် ခပ်မာမာ ပြန်ပြောတယ်

တစ်ရက်ကျတော့ သူ့အခန်းဖော်က ပြောလာတယ် မင်းကောင် ညဘက်ကို တစ်ယောက်တည်း ထွက်ထွက်သွားတယ် မိုးလင်းမှ ပြန်လာတတ်တယ် ပြောလာတယ် ကျွန်တော်တို့လည်း ထူပူသွားပြီး ဘယ်လိုလုပ်ရမလဲ တိုင်ပင်ရာက သူ့အခန်းဖော်က ငါ့အခန်းမှာ လာအိပ်မလား အဆောင်မှူးကို ငါပြောပေးမယ် ဘိုးတော်က သဘောကောင်းတယ်ဆိုတော့ ကျွန်တော်လည်း အေးကောင်းတယ် ငါလာအိပ်မယ် ပြောလိုက်တယ် အိမ်ကိုတော့ လိမ်ပြောရတာပေါ့ ညကျတော့ အဆောင်မှူး ဘိုးတော်နဲ့ စားသောက်ပြီး သူတို့ အိပ်ဆောင်ကို လိုက်သွားလိုက်တယ် ညဆယ်နာရီလောက်ကျသူတို့အခန်း ကျွန်တော်လိုက်သွားပြီး အိပ်နေတုန်း နှာခေါင်းထဲ ခပ်သင်းသင်း အမွှေးနံ့ရတယ် အဲဒါနဲ့ မသိမသာ မျက်လုံးဖွင့်ကြည့်တော့ ဟိုကောင် သာပေါင်းသား ထလာပြီးတော့ အဝတ်အစားလဲပြီး ဂစ်တာကို ပခုံးထမ်း ထွက်သွားတယ် ကျွန်တော်လည်း အသာကြည့်နေပြီး နောက်ကလိုက်သွားတော့ ထင်တဲ့အတိုင်းပဲ သကောင့်သားက ကန်စပ်ကို သွားတာပဲ

နည်းနည်း ပြောစရာရှိတာက ယောက်ျားလေး ဘော်ဒါဆောင်တွေကညဆယ့်နှစ်လောက်မှ ပိတ်တာများတယ် ဘာလို့လဲဆိုတော့ယောက်ျားလေးတွေက မိန်းကလေး ဘော်ဒါဆောင်တွေလိုက်ပြီး ဂစ်တာတီး ဖွန်ကြောင်လို့လေ

ကဲ ဆက်လိုက်ရအောင်

ကန်စပ်ရောက်တော့ ဒီကောင်က ထိုင်နေတုန်း သိပ်မကြာဘူး ကောင်မလေးတစ်ယောက် ရောက်လာတယ် တော်တော်ကို ချောတာ ဝတ်ထားတာက ဝမ်းဆက် ဝတ်ထားတယ် ကျွန်တော်လည်း ကြည့်နေရင်းက အကြံတစ်ခုရပြီး ဂစ်တာတီးတဲ့ အဖွဲ့တွေလိုက်ကြည့်တော့ အသိတွေ့တာနဲ့ အတွဲတစ်တွဲ သွားနောက်မယ် လိုက်မလား ဘာညာပြောတော့ ဟိုလူတွေကလည်း အေးလိုက်မယ်ဆိုပြီး လိုက်ချလာတာ သူတို့ကို တွေ့တော့ ခပ်တည်တည်ပဲ မနီးမဝေးသွားပြီး ဂစ်တာတီးနေကြတယ် ကျွန်တော်ကတော့ အသာကျန်နေခဲ့ပြီး ကြည့်နေတာ အဲဒီအချိန်ပဲ တောက်ခေါက်သံ ခပ်ကျယ်ကျယ်ကို ကြားလိုက်ရတာ တော်တော်ကို ကျယ်တယ် ဟိုနှစ်ယောက်ကလည်း အဲဒီအဖွဲ့ကို မတ်တပ်ရပ် ကြည့်နေတာ သိပ်မကြာဘူး သူတို့အဖွဲ့ထဲက နှစ်ယောက် အရိုက်ခံလိုက်ရသလို အော်ပြီး ရေထဲ ပြုတ်ကျတာပဲ ကျွန်တော်လည်း မှင်သက်နေတယ် အဲဒီမှာ ဟိုအဖွဲ့က ထွက်ပြေးပြီး မကြာဘူး သကောင့်သားနဲ့ ကောင်မလေး ခွဲလိုက်ကြတယ် ကျွန်တော် ကောင်မလေး သွားရာကို လိုက်တာ မတွေ့တော့ဘူး စိတ်ထဲတော့ မကြိုက်တော့ဘူး မဟုတ်သေးဘူးပေါ့

နောက်ညကျ ထပ်အိပ်တော့ ကျွန်တော့်ကို အိပ်မက်ထဲမှာ အဲဒီကောင်မလေး ရောက်လာပြီး ငါသိတယ် မနေ့ညက နင်လုပ်တယ်ဆိုတာ အခုနင့်ကို သတိပေးလိုက်မယ် ငါတို့ကို ထပ်နှောင့်ယှက်ရင် နင်သေဖို့သာ ပြင်ထားဆိုပြီး မာထန်နေတဲ့ မျက်နှာနဲ့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ထွက်သွားတယ် အိပ်ရာက လန့်နိုးပြီး ကြည့်လိုက်တော့ ဟိုကောင် မရှိတော့ဘူး ကျွန်တော်လည်း ကမန်းကတမ်း ထလိုက်သွားတော့ သကောင့်သားက အဲဒီကောင်မလေးနဲ့ စကားပြောနေတယ် ပြီးတော့ ဖက်နမ်းဘာညာပေါ့ကျွန်တော်လည်း ပြန်လာခဲ့လိုက်တယ် ကျွန်တော်ဆုံးဖြတ်လိုက်တယ် စုံစမ်းဖို့ကိုလေ

နောက်ကျတော့ သူ့ဆီသွားပြီး ဟေ့ကောင်စိုးကြီး မင်းအခုတလော ဘာတွေဖြစ်နေတာလဲ ငါ့ကို မှန်မှန်ပြော မေးတော့ ဘာဖြစ်လို့တုန်းငါဘာမှမဖြစ်ပါဘူး ပြန်ပြောတယ် မင်းမလိမ်နဲ့ မင်းအတန်းလည်း မမှန်သလို မင်းမျက်တွင်းတွေလည်း ကျနေတယ် လူက ကမ္မဌာန်းရုပ် ပေါက်နေပြီ ငါ့ကို မညာနဲ့ ဘာညာနဲ့ မေးနေတုန်း တစ်ခြားကောင်တွေပါ ရောက်လာပြီး အတင်း ဝိုင်းမေးတာမှာ ဘာပြောသလဲဆိုတော့

ငါ့မှာ ချစ်သူရှိနေပြီ ပြောလာတယ် ကျွန်တော်တို့က ဘယ်ကလဲ ဘယ်သူလဲ မိတ်ဆက်ပေး ဘာညာ ဝိုင်းပြောတော့ သူက ပြောတယ် မင်းတို့နဲ့ မတွေ့ချင်ဘူးတဲ့ ငါ့ကိုပဲ တွေ့ချင်တာတဲ့ ဘယ်ယောက်ျားလေးနဲ့မှ မပတ်သက်ဘူးဆိုပြီး ပြောလို့ မင်းတို့နဲ့ မိတ်မဆက်ပေးတာပါကွာ ပြောလာတယ် ကျွန်တော်က အေး ထားပါတော့ကွာ ဒါဆိုလည်း ငါတို့ မြင်ဖူးအောင် ဓာတ်ပုံပြဆိုတော့ ထုတ်ပြတယ် ပထမဆုံး ကျွန်တော်မြင်ဖူးတဲ့ အဝါရောင် ဝတ်စုံဝမ်းဆက်နဲ့ပုံ အဲဒီမှာ သူငယ်ချင်းတစ်ယောက်က မင်းတို့ချိန်းတွေ့ရင် ငါတို့ မသိမသာ အဝေးကနေ အကဲခတ်မယ်လေကွာ အပြင်မှာ မြင်ဖူးချင်လို့ပါ ဘာညာနဲ့ အတင်းပြောတော့ မဖြစ်ဘူးပဲ ငြင်းတယ် ကျွန်တော်က စိတ်မရှည်တော့တာနဲ့ အေး မင်းညဘက်တွေကျမှသွားတွေ့နေတယ်မလား အဲဒီကောင်မလေး နာမည်က နှင်းရည်လွင် ဟုတ်တယ်မလား မေးတော့ မင်းဘယ်လိုသိလဲ ပြန်မေးလာတယ် အဲဒါနဲ့ ကျွန်တော် စုံစမ်းထားတာလေး ပြောပြလိုက်တယ်

အေး မင်းတို့ ငါတို့ ဆယ်တန်းလောက်ပဲ ရှိဦးမယ် ဒီကျောင်းက ကောင်မလေးတစ်ယောက် အဲဒီနေရာမှာ ရေထဲကို ခုန်ဆင်း သတ်သေသွားတယ် ဘာဖြစ်လို့လဲဆိုတော့ သူ့ရည်းစားနဲ့ လွန်ကျူးမိတယ် ဖြစ်ချင်တော့ သူ့ရည်းစားက ငပွေး သူ့ကို တစ်ခါစားပဲ ကြံသွားတာ နောက်တော့ ကောင်မလေးက သူ့မှာ ကိုယ်ဝန်ရှိနေပြီ ဘာညာလိမ်ပြောတော့ ဟိုငပွေးက လူစိတ်တော့ရှိတယ် ကောင်မလေးကို ယူမယ်ပေါ့ နောက်ကျတော့ ဒီကောင်က ကောင်မလေးဆီမှာ ကိုယ်ဝန်တကယ်မရှိမှန်းကို စုံစမ်းလို့ ရသွားတယ် ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီး ဆက်စားနေတာ တစ်ရက်ကျတော့ မင်းရေနစ်ပြီး ပြန်ပေါ်လာတဲ့ နေရာမှာပဲ ကောင်မလေးနဲ့ ချိန်းတွေ့ပြီး သူ့ကိုလိမ်တာကို စပြောရာက စကားများပြီး ကောင်မလေးကို သတ်ပလိုက်တယ် သတ်ပြီးတော့ ရေထဲကို ပစ်ချပလိုက်တယ် အကုန်လုံးက ပျောက်တယ် ပျောက်တယ်နဲ့ ရှာပေမယ့် မတွေ့ဘူး တစ်ပတ်လောက်ကြာတော့ အဲဒီနေရာက အပုပ်နံ့ရလို့ ရှာရာက ရေအောက်မှာ ကောင်မလေးရဲ့ ခြေထောက်က ရေအောက်က သစ်မြစ်မှာ ကြားထဲမှာ ညပ်နေပြီး ရေပေါ်ကို မပေါ်တော့တာ နောက်စုံစမ်းလိုက်ရင်းက သူ့ကို သတ်တဲ့ကောင်ကို မိတယ် တကယ်တမ်းကျတော့ ကောင်မလေးေထြောက်ကို သူက တမင် အမြစ်ကြားထဲ ညှပ်ခဲ့တာတဲ့

အဲဒီကောင်မလေး ပြန်ဖော်ပြီးချိန်ကစပြီး ခြောက်တော့တာပဲ ညဘက်ဆို အော်သံကြားရတယ် ရေထဲကို ပစ်ချသံကြားရတယ် တခါတလေ အဲဒီနားမှာ ကောင်မလေးက လမ်းလျှောက်နေတတ်တယ် တစ်ခါက အဲဒီနားမှာ မဟုတ်တာ လာလုပ်တဲ့ စုံတွဲတစ်တွဲ နေရာမှာတင် သေသွားတယ် ထပ်လျက်ကို သေနေတာ မျက်လုံးတွေက ပြူးကျယ်ပြီး သေနေတာ ဘယ်လိုပဲ ပရိတ်ရွတ်ရွတ် မကျွတ်ဘူး တက္ကသိုလ်စေတီကနေ ပရိတ်ရွတ်လည်း မကျွတ်ဘူး အဲဒီမှာ သွားပြီး ပရိတ်ရွတ်ရင် သစ်ကိုင်းတွေ ချိုးချပစ်တယ်

ကဲဒီလောက်ဆို မင်းသဘောပေါက်ပေါ့ ငါကတော့ မင်းကို အရင်လို ပြန်ဖြစ်စေချင်တယ် ပြီးတော့ သရဲမတစ်ယောက်နဲ့ မင်း ရည်းစားဖြစ်နေတာမင်းအတွက် အန္တရာယ် အရမ်းများတယ် ကျန်တာကတော့ မင်းအပိုင်းပဲ ငါကတော့ စေတနာနဲ့ ပြောတာပဲဆိုပြီး ပြောလိုက်တယ် ဒါပေမယ့် ဒီကောင်က မရဘူး အဲဒီ ကောင်မလေးမှ ကောင်မလေး

တစ်ရက်ကျတော့ ကျွန်တော်က ရူးသလို ပေါသလိုနဲ့ 925 ဟမ်းချိန်းတစ်ခုကို လက်ဆောင်ပေးလိုက်တယ် အဲဒီကြားမှာ ပရိတ်ကြိုးကို မရမက ပတ်ထည့်ပေးလိုက်တယ် ပြီးတော့ မင်းငါ့ကို တကယ်ခင်ရင် အမြဲဝတ်ထား ပြောတော့ သူက အေးပါကွာ ငါအမြဲ ဝတ်ထားမှာပါ ပြောတယ်

အဲဒီညမှာ ကျွန်တော်က တစ်ခြားအခန်းမှာ အိပ်ပြီး သူ့အခန်းဖော်ကိုလာနှိုးခိုင်းထားတာ အဲဒီကောင် ထသွားတော့ လာနှိုးတယ် အဲဒါနဲ့ ကျွန်တော်လည်း လိုက်ကြည့်တာပေါ့ ဘာထူးသလဲဆိုတော့ ကောင်မလေးက အနားကပ်မရဘူး သူ့လက်က ဟမ်းချိန်းကို အတင်းချွတ်ခိုင်းပြီးတော့ လွှင့်ပစ်ခိုင်းနေတာ ကျွန်ျတ်ာလည်း မလုပ်ပါစေနဲ့ ဆုတောင်းနေတာ ဒါပေမယ့် မပြည့်ပါဘူး ဒီကောင်က လုပ်ပလိုက်တယ် ကျွန်တော်လည်း သက်ပြင်းချရုံကလွဲလို့ မတတ်နိုင်ဘူးလေ

နောက်နေ့ည ကျွန်တော် အိပ်မက်ထဲမှာပဲ လာရန်တွေ့တယ် နင့်ကို ငါတားနေတာ နင်က ဆက်နှောင့်ယှက်သေးတယ် နင့်ကို သတ်ပစ်မှ အေးမယ်ဆိုပြီး ကျွန်တော့်ကို ဝင်လုံးတာ မိန်းမပေမယ့် မနိုင်ဘူး နောက်ကျတော့ ကျွန်တော့်လည်ပင်း အညှစ်ခံရတယ် ရုန်းတယ် မရဘူး ဘုရားစာလည်း ကဘောက်တိ ကဘောက်ချာ ဖြစ်လာချိန် မျက်နှာပေါ် အေးကနဲ ဖြစ်ပြီး အဲဒီသရဲမ အူးကနဲ အော်ပြီး ပျောက်သွားတယ် သတိရလာတော့ သူငယ်ချင်းက အေး မင်းကံကောင်းလို့ မသေတာတဲ့ ငါတို့ ရောက်လာတော့ မင်းမျက်လုံးပြူးပြီး အတင်းရုန်းနေတာ တွေ့တာနဲ့ အဆောင်မှူးဆီက ပရိတ်ရေ ပြေးတောင်းပြီး ပက်လိုက်တာတဲ့

အဆောင်မှူးက ဘယ်လိုဖြစ်တာလည်း မေးတော့ ကျွန်တော်လည်း ခေါင်းခြောက်နေတာနဲ့ အကုန် အမှန်အတိုင်း ပြောပြလိုက်တော့အဆောင်မှူးက အေး အစောကတည်းက ပြောရောပေါ့ကွာဆိုပြီး ဟိုကောင့်အခန်း သွားကြည့်မယ်ဆိုပြီး သွားကြတာ မရှိဘူး အခန်းထဲမှာ မရှိတော့ဘူး အခန်းဖော်က သတိလစ်နေတယ် ကျွန်တော်လည်း သတိရပြီး ဟိုကမ်းစပ်ကို အားကုန် ပြေးလိုက်သွားတော့ သူငယ်ချင်းတွေပါလိုက်လာတယ် ဟိုရောက်တော့ ရှာမတွေ့ဘူး အဲဒါနဲ့ လိုက်ရှာရင်းနဲ့သူငယ်ချင်း တစ်ယောက်က ထအော်တယ် မင်းသန့် ဟိုကောင် ဟိုဘက်တံတားမှာဆိုလို့ လှမ်းကြည့်တော့ သာပေါင်းသားက ငါးမိနစ်လောက် ပြေးရမယ့် တံတားပေါ်မှာ ရေထဲခုန်ချဖို့ လုပ်နေပြီ ကျွန်တော်တို့ အတင်းပြေးပေမယ့် မမှီတော့ဘူး ခုန်ချလိုက်တယ် အဲဒါနဲ့ ရေကူးတတ်တဲ့သူ အကုန်လုံး လိုက်ခုန်ချပြီး ရေငုပ်ရှာကြတယ် ကျွန်တော်က အနီးဆုံး ခုန်ချတော့ အရင်ဆုံး သွားတွေ့တယ် ဒီကောင့် လည်ပင်းမှာ ကြိုးတစ်ချောင်းချည်ထားတယ် တစ်ဘက်မှာက ကျောက်ခဲကြီး အဲဒါနဲ့ ကျွန်တော် ကြိုးကို အတင်းဆွဲဖြည်တော့ ဆောင့်တွန်းခံလိုက်ရတယ် သူငယ်ချင်းက တွန်းတာ မဟုတ်ဘူး တစ်ခြား တစ်ယောက်က တွန်းတာ ကျွန်တော် သိလိုက်ပြီ သရဲမ နှောင့်ယှက်ပြီ အဲဒါနဲ့ ၂၄ ပဌာန်း အကျဉ်း နှင့် သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်ပြီး ဖြည်တော့ ရတယ် အဲဒါနဲ့ ဖြည်ပြီး အပေါ်ကို ဆွဲတင်တုန်း ကျွန်တော့် ခြေထောက်ကို အဆွဲခံလိုက်ရတယ် ပြန်ကို နစ်သွားတာ လူက မောနေပြီ ဘာမှမသိတော့ဘူး ကျွန်တော့်အကျင့်က ဘာမှမသိတော့ပဲ လူစိတ်ပျောက်သလို ဖြစ်သွားရင် ဒေါသအရမ်းကြီးတယ် အဲဒါက ကုန်းပေါ်မှာပဲ ရတယ် ရေထဲမှာကျ ကျွန်တော်ပဲ လှိမ့်ခံရတာ ထိုးတယ် မထိဘူး ကန်တယ် လေးလံ နှေးကွေးနေတယ် နောက်ဆုံးကျ လူက အသိက လွတ်ချင်နေပြီ ရေကလည်း အရမ်းမွန်းနေပြီ အဲဒါနဲ့ ရှိသမျှအား အကုန်သုံးပြီး သရဲမကို ဆောင့်ကန်လိုက်ပြီး အပေါ်ကို ကူးတက်တာ မရဘူး ပြန်ဆွဲတယ် ကျွန်တော်တော့ ဒီတစ်ခါတော့ သွားပြီပေါ့ ဒါပေမယ့် ကံကောင်းစွာပဲ သူငယ်ချင်း ငါးယောက်လောက်က လာဆွဲကြတော့ အသက်ရှည်သွားတယ်

အဲဒါနဲ့ ကျွန်တော့်ကိုပါ ထမ်းပြီး အဆောင်ကို ပြေးကြတယ် အဆောင်ကို ရောက်တော့ အဆောင်မှူးက သူ့အခန်းထဲက ရုပ်ပွားတော်ကိုပင့်ပြီး စားပွဲတစ်လုံးနဲ့ အဆောင်ဝမှာ ချထားသလို အခန်းတိုင်းကိုလည်း လူစုစေပြီး ပရိတ်တရားတော်ကို box နဲ့ ဖွင့်တယ် အဲဒါတောင် အပြင်ကနေ ခဲနဲ့ထုတယ် တောက်ခေါက်တယ် အကုန် ငုတ်တုတ်မိုးလင်းတာပေါ့

မနက်ကျတော့ အဆောင်မှူးက ဘုန်းကြီးကျောင်းကို သွားလျှောက်တယ် ပြီးတော့ လိုအပ်တာ အကုန်ဝယ်ပြီး အဆောင်မှာ ပရိတ်ရွတ်တယ် နောက်ရက်ကျတော့ ပါချုပ်ကို သွားပြောပြီး အဲဒီနေရာ ပရိတ်သွားရွတ်တယ် မရဘူး နှောင့်ယှက်တာ ပိုးစိုးပက်စက်ပဲ သစ်ကိုင်းတွေ ချိုးချတယ် ခါချဉ်ထုပ်တွေ ပစ်ချတယ် ဒါပေမယ့် ဆရာတော်က ခပ်ထက်ထက်ရယ် ကိုင်း ဒီတကာမကြီး ဒီလောက်တောင် ရှိလှတာ ဆိုပြီးတော့ အဲဒီ ကန်သုံးဆင့်က တာဝန်ရှိသူတွေ ခေါ်ပြီးတော့ အဲဒီဆရာတော် ပြုလုပ်ထားသော ပရိတ်ရေတွေနှင့် စည်းဝိုင်းသဘော တားပြီး ပဌာန်းအပါ ရွတ်တော့မှ တစ်ယောက်ကို ဝင်ပူးပြီး ပူတယ် ကြောက်တယ် ရပ်ပါ မခံနိုင်တော့ဘူးအဝေးကိုလည်း ပြေးမရဘူး ဘာညာကို ငိုပြီး တောင်းပန်တော့တာပဲ အဲဒါနဲ့ ဆရာတော်က တကာမ သူ့လောက ကိုယ့်လောက ရှိတယ် ကိုယ့်နေရာ ကိုယ်နေပါ သံသရာကို မဆန့်ပါနှင့် ဟောပြီးတော့ သံသရာ အကျိုးကို ဆက်ဟောတယ် ပြီးတော့ ဝိပဿနာကို ဟောပြီး နိဂုံးချုပ်တယ် ဝင်ပူးနေတဲ့ သရဲမက သာဓုခေါ်တယ်ဗျာ အဲဒီနောက်တော့ ဘာအသံမှ မကြားရတော့သလို သူငယ်ချင်းလည်း သူတို့ သာပေါင်းက ဆန်စက်သူဌေးသမီးနဲ့ ညားသွားတယ် ကိုယ်ပဲ အဖြစ်မရှိတာ ဟေဟေ့

No comments:

Post a Comment